ပေါင်းစည်းယာမြေစနစ်ဖြင့် စိုက်ပျိုးခြင်း
နှစ်ရှည်စိုက်ခင်းများအတွက်
နှစ်ရှည်ပင်စိုက်ခင်းများ အရွယ်မရောက်မီ ကြားကာ၌ ကြားဖြတ် ဝင်ငွေ ရရှိစေရန်နှင့် မိမိရရှိထားသော မြေကွက်ကို မြေယာစွမ်းအား ပြည့်ဝစွာ အသုံးချနိုင်ရန် ကြားသီးနှံများ စိုက်ပျိုးခြင်း မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း စသည်ဖြင့် ပေါင်းစည်းယာမြေ စိုက်ပျိုးရေး စနစ်ကို ကျင့်သုံးရမည် ဖြစ်ပါသည်။
ပေါင်းစည်းယာမြေစိုက်ပျိုးခြင်းသည် မြေကိုအကျိုးရှိစွာ အသုံးချနည်း ဖြစ်ပါသည်။ မြေဧရိယာတစ်ခုပေါ်တွင် နှစ်ရှည်သစ်ပင်များကို နှစ်စဉ်စားသုံး သီးနှံများနှင့် ရောနှော၍ ရံဖန်ရံခါ တိရစ္ဆာန်များကိုပါ တစ်ချိန်တည်းသော် လည်းကောင်း အချိန်အချိုးမျှတ၍ သော်လည်းကောင်း ရရှိထားသော မြေကွက်လပ်ကို မြေယာစွမ်းအားပြည့် ရေရှည်အကျိုးအမြတ် အများဆုံး ရရှိရန် မြေယာအသုံးချမှုစနစ် တစ်ခုပင် ဖြစ်ပါသည်။
နှစ်ရှည်ပင်စိုက်ခင်း တစ်ခုထူထောင်ခြင်းသည် သစ်တောစိုက်ခင်း တစ်ခုထူထောင်ခြင်းသာ ဖြစ်သဖြင့် ကြားသီးနှံစိုက်ပျိုးခြင်းကို သစ်တောလုပ်ထုံး လုပ်နည်းအတိုင်း ပေါင်းစည်းယာမြေ စိုက်ပျိုးရေး လုပ်ငန်းသုံးမျိုးဖြင့် ဆောင်ရွက်သွားနိုင်ပါသည်။
သစ်တောပင်ကို ဦးစားပေး စိုက်သောလုပ်ငန်းဖြစ်သဖြင့်
- သစ်တောနှင့်သီးနှံ ရောနှောစိုက်ပျိုးခြင်း
- သစ်တောနှင့် စိုက်ပျိုးရေး မွေးမြူရေး
- သစ်တောနှင့် မွေးမြူရေးစနစ်
ပင်ကြားစိုက်ပျိုးခြင်းစနစ်
စားသုံးသီးနှံပင်များကို နှစ်ရှည်ပင်များ၏ အကွာအဝေးကြားမှာ ကြားညှပ်စိုက်ပျိုးခြင်း ဖြစ်ပါသည်။နှစ်တို နှစ်ရှည် သီးနှံပင်များ ရောနှောစိုက်သော်လည်း တစ်ချိန်တည်း တစ်နေရာတည်းတွင် တစ်မျိုး နှစ်မျိုးလု၍ ပေါက်ရောက်စေခြင်း မဟုတ်ပဲ သစ်ပင်အချင်းချင်း တစ်မျိုးနှင့်တစ်မျိုး အကွာအဝေး စနစ်တကျ ရှိစေခြင်း အပြန်အလှန် အကျိုးပြုစေခြင်းဖြင့် စိုက်ပျိုးကြခြင်း ဖြစ်ပါသည်။
ပင်ကြား စိုက်ပျိုးနည်းစနစ်
X = စားသုံးသီးနှံပင်များ
တန်းကြားစိုက်ပျိုးနည်းစနစ်
သစ်ပင်များကို ယာစည်းရိုးပုံစံ လည်းကောင်း လေကာတန်း ပုံစံလည်းကောင်း စိုက်ပျိုးထားပြီး သစ်ရွက်ကြွေများမှ သစ်ရွက်ဆွေး မြေသြဇာ ရရှိစေခြင်း တိရိစ္ဆာန်အစာ ရရှိစေခြင်း သစ်ကိုင်းများမှ ထင်းရရှိစေခြင်း အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါသည်။ သီးနှံများမှလည်း ဝင်ငွေရရှိစေပါမည်။
တန်းကြား စိုက်ပျိုးနည်းစနစ်
တန်းစုကျော်စိုက်ပျိုးခြင်းစနစ်
တန်းစုကျော် (သို့) တန်းကြားစနစ်သည် စားသုံးသီးနှံပင်နှင့် နှစ်ရှည်ပင်များကို တစ်တန်းကြား နှစ်တန်းကြား (သို့) သုံးတန်းကြား စသည်ဖြင့် သီးနှံပင် အမျိုးအစားအလိုက် စိုက်ပျိုးခြင်း ဖြစ်သည်။ ရေထိမ်း မြေထိမ်းရသော တောင်ပေါ်ဒေသ တောင်စောင်းများတွင် ထိရောက်စွာ အသုံးပြုသော စနစ်ဖြစ်ပါသည်။
တန်းစုကျော် စိုက်ပျိုးနည်းစနစ်
ကျပန်းရောနှောခြင်းစနစ်
သီးနှံပင်များနှင့် နှစ်ရှည်ပင်များကို တသမတ်တည်းမဟုတ်ပဲ အပင်အမျိုး အစားအလိုက် မြေယာဒေသ အခြေအနေနှင့် ကိုက်ညီအောင် စိုက်ပျိုးခြင်း ဖြစ်ပါသည်။ ဗီယက်နမ် အင်ဒိုနီးရှား ဖိလစ်ပိုင်နှင့် ဂျာဗားကျွန်းတို့တွင် အများဆုံး ကျင့်သုံးပါသည်။
ကျပန်း ရောနှောခြင်းစနစ်
အလှည့်ကျစိုက်ပျိုးခြင်းစနစ်
- သီးနှံတစ်မျိုးကို ဆွတ်ခူးရိတ်သိမ်းပြီး သည်နှင့်နောက် သီးနှံတစ်မျိုးကို စဉ်ဆက်မပြတ် ဆက်တိုက်စိုက်ပျိုးသွားခြင်း ဖြစ်ပါသည်။ သီးနှံတစ်မျိုး အချိန်ကာလခွဲ၍ ထပ်မံစိုက်ပျိုးခြင်း ဖြစ်ပါသည်။ ဆလပ် မုန့်ညင်း မုန်လာ ပဲသီး ခါကြက်ဥ ဥနီနှင့် သကြားပြောင်း ဟင်းစားပြောင်းများ ဖြစ်ပါသည်။
- ဥပမာ- ဆလပ် မုန့်ညင်း မုန်လာဥတို့ကို ဆွတ်ခူးပြီးသော ခံဘောင်များတွင် ရွှေပဲသီး တိုင်လွတ်ပဲ စိုက်ပျိုးခြင်း ကြက်သွနိမြိတ် နုတ်ပြီးသော ဘောင်များတွင် ခါကြက်ဥ စိုက်ပျိုးခြင်းတို့ ဖြစ်ပါသည်။
- ဆွတ်ခူးချိန်သက်တမ်း မတူညီသော သီးနှံနှစ်မျိုးကို တစ်ချိန်တည်းစိုက်ပျိုးခြင်း (သို့) အချိန်အခါခွဲ စိုက်ပျိုးခြင်း စိုက်ပျိုးချိန် တူသော်လည်း ဆွတ်ခူးရိတ်သိမ်းချိန် မတူညီသော သီးနှံနှစ်မျိုးမက သုံးမျိုးထိ စိုက်ပျိုးခြင်းတို့ ဆောင်ရွက်နိုင်ပါမည်။
တွဲဖက်စိုက်ပျိုးနည်းစနစ်
- ဤနည်းသည် မြေဧရိယာ တစ်ခုအပေါ်တွင် အချိန်ကာလတစ်ခုအတွင်း အကျိုးအမြတ် များများ ရစေသောနည်း ဖြစ်ပါသည်။
- သီးနှံမျိုးစေ့ နှစ်မျိုးကို မြောင်းတစ်မြောင်း ဘောင်တစ်ဘောင်တည်းတွင် တစ်ပြိုင်တည်း စိုက်ပျိုးခြင်း ဖြစ်ပါသည်။ ဥပမာ- ရက်တိုတိုနှင့် သက်တမ်းနုသော မုန်လာစေ့များကို သက်တမ်းရက် (120-150)ရှိသော ဂေါ်ဖီစေ့နှင့် တွဲဖက်စိုက်ပျိုးခြင်း ဖြစ်ပါသည်။ တွဲဖက်စိုက်ခြင်းကြောင့် သီးနှံတစ်မျိုးသည် သက်တမ်းတို (သက်လျင်)ဖြစ်ပြီး တစ်မျိုးသည် သက်တမ်းရှည် (သက်ရင့်) ဖြစ်ပါသည်။
သီးညှပ်ရောစိုက်နည်းစနစ်
သက်တမ်းတိုသော (သက်လျင်) ဆလပ် မုန်ညင်း အရိုးစားမုန်လာ ကြက်သွန်မြိတ် စသည်တို့ကို စိုက်ပျိုးပြီးနောက် ရိတ်သိမ်းခူးဆွတ် ပြီးချိန်တွင် ခရမ်းချဉ်သီး သခွား ငရုတ် ခရမ်း တိုင်လွတ်ပဲ တို့ကိုစိုက်ပျိုးခြင်း ဖြစ်ပါသည်။
သို့ပါ၍ ရောနှောသီးနှံ စိုက်ပျိုးရာတွင် အလှည့်ကျ လည်းကောင်း စိုက်ပျိုးရာ၌ ဆုံးဖြတ်နိုင်ရန် သီးနှံ ဟင်းသီးဟင်းရွက် များ၏ ဆွတ်ခူးချိန် သက်တမ်းကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်-
သီးနှံသက်တမ်းများ
- ပဲစိမ်း-ရွှေပဲ (40-80) ရက်
- ကြက်သွန်မြိတ် (40-120) ရက်
- တိုင်လွတ်ပဲ (45-60) ရက်
- တိုင်ထောင်ပဲ မုန်လာဥနီ သခွား ခါဖူး နိုကို ဖရုံသခွား မုန်လာဥဝါ (60-80) ရက်
- ဆလပ် မုန်ညင်း (60-90) ရက်
- သကြားပြောင်း (60-100) ရက်
- ခါကြက်ဥ (သက်လျင်) (75-100)ရက်
- ဘရူကိုလီ ( ပန်းဂေါ်ဖီစိမ်း ) ဂေါ်ဖီ(သက်လျင်) ခါကြက်ဥ (သက်ကြီး) ပန်းဂေါ်ဖီ (သက်လျင်) ခရမ်း သခွားမွှေး ဖရဲ ရုံးပတီ အရွက်စားမုန်လာ (90-120)ရက်
- မုန်လာဥဝါ (90-150)ရက်
- ဂေါ်ဖီထုပ်သေး (100-120) ရက်
- ငရုတ် ဖရုံ ခရမ်းချဉ် (100-140)ရက်
- ဂေါ်ဖီ(သက်လတ်) ပန်းဂေါ်ဖီ(သက်လတ်) တရုတ်နံနံ အရွက်စားမုန်လာ ကန်စွန်း (120-150)ရက်
- ကြက်သွန်ဥ (130-150)ရက်
- ဂေါ်ဖီ(သက်ကြီး) (130-180)ရက်
- ကညွှတ် (အစေ့စိုက်) (1-2)နှစ်
- ကညွှတ်(ဥစိုက်) (3-4)နှစ်
ဆရာသောင်းညွှန့်သစ် မြန်မာ့သစ်မွှေး စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်။
Lu Gyan Gyi
29-7-2016
No comments:
Post a Comment